နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်စည်ပင်သာယာရေးကော်မတီ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၂

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံးကြီး ခုတင် (၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အလှူငွေများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဆေးရုံများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ဆေးရုံအုပ်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်‌ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) နှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တို့၌  ဆေးကုသမှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ  ဇေယျာသီရိမြို့နယ်၊  ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ ပင်လောင်းလမ်းဆုံနှင့် ကျောက်ချက်ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်  လမ်းမကြီးဘေး ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် စနစ်တကျ ရှင်းလင်းဆောင်ရွက်ရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှု မရှိစေရေး၊ လမ်းဧရိယာအတွင်း ကျူးကျော်အဆောက်အဦးများ မရှိစေရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  ပင်လောင်းလမ်းဘေးရှိ စိုက်ကွင်းများအား သွားရောက်ကြည့်ရှုပြီး တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ကွင်းအပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  ရာဇဌာနီလမ်းမကြီးသို့ သွားရောက်၍ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)