ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၈၀၀)ကျော်တို့အား ကူညီကယ်ဆယ်ဆောင်ရွက်ထားရှိ

မြစ်ကြီးနား ဇွန် ၁

မြန်မာပြည်မြောက်ဖျားပိုင်း၊ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့်မလိခမြစ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အရှိန်အဟုန်ဖြင့်မြင့်တက်လာခဲ့ပြီး ယနေ့နံနက် ၈ နာရီတွင် မြို့၏စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ခဲ့ရာ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၈၀၀)ကျော်တို့အား ကူညီကယ်ဆယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့၏မြေနိမ့်ရပ်ကွက်များဖြစ်သည့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီးနှင့် ရေကြည်ရပ်ကွက် မြေနိမ့်ပိုင်းတို့တွင် နေအိမ်များထိ ရေဝင် ရောက်ခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံဖွဲ့စည်းထားရှိသည့် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုပရဟိတအသင်း/အဖွဲ့ဝင်များက သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား (လယ်ကုန်း - ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား (အနောက်လယ်ကုန်း - ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်းပင်သာစက်လှေဆိပ်များတွင် ရေဘေး ရှာဖွေကယ်ဆယ်ရေးစုရပ်အဖြစ် အဆိုပါ နေရာ(၆)နေရာ ဖွင့်လှစ်၍ ယမန်နေ့ညနေပိုင်းမှ စတင်၍ ညလုံးပေါက် ကူညီကယ်ဆယ်ရွေ့ပြောင်းပေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ယနေ့မွန်းလွဲပိုင်းအထိ ရေဘေးသင့်ပြည်သူများ အား ကြက်ပေါင်ခြံ ရပ်ကွက်အတွင်း ရွှေဆုပန်ဘုန်းတော်ကြီးကျောင်းနှင့် အ.မ.က(မူလွန်)ကျောင်း တို့၌ လည်းကောင်း၊ လယ်ကုန်းရပ်ကွက်အတွင်း အမှတ်(၁) မူလွန်ကျောင်း၌ လည်းကောင်း၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း(ဇီးလွန်)၌လည်းကောင်း၊ ရမ်ပူရပ်ကွက်အတွင်းမာမက ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အောင်သဒ္ဒိဘုန်းတော်ကြီးကျောင်းနှင့် ရွှေဘိုကျောင်းတို့တို့တွင်လည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်း အောင်ဇေရန် အောင်ဘုန်းကြီးကျောင်း၌လည်းကောင်း၊ မြေမြင့်ရပ်ကွက်၊ မြေမြင့်ဘုန်း တော်ကြီးကျောင်း၌ လည်းကောင်း ကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်၍ အိမ်ထောင်စု (၈၁၀)စု၊ လူဦးရေ ၄၀၂၀ တို့အား ကူညီကယ်ဆယ်ထားရှိသည့်အပြင် အိမ်ထောင်စုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ ခြောက်ဘူး၊ ဆန်ပြုတ်ဘူးများနှင့် ရေသန့်ဘူးများကို ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)