လှိုင် ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် အရောင်းဆိုင်များအတွင်းရှိ အများပြည်သူများ တွေ့မြင်နိုင်သောနေရာများတွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန်က သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် အပြည့်အဝကပ်နှိပ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ တည်းခိုခန်း၊ စာသောက်ဆိုင်၊ လက်ကိုင်ဖုန်းအရောင်းဆိုင်များ၊ ရွှေနှင့် လက်ဝတ်ရတနာအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် အပြည့်အဝကပ်နှိပ်ခြင်းဆိုင်ရာလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လှိုင်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများလွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်းမြင်သာစွာ ရောက်ရှိနိုင်သည်ကို သိရှိနိုင်စေရန် အခွန်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အခွန်ဦးစီးဌာနက သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)