တပ်ကုန်း ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ချက်အရ မြိုနယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါသင်တန်းလေ့ကျင့်သည့် အောင်းကြီးကန်တွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ပရဟိတစိတ်အပြည့်ရှိကြသော သင်တန်းများအား အထူးလေးစားပါကြောင်း၊ ရေပြင်အသက်ကယ်နည်းစနစ်များ လှေလှော်၊ စက်လှေမောင်းနည်းစနစ်ပညာရပ်များ တတ်ကျွမ်းပိုင်ဆိုင်မှုများ မိမိမြို့ရွာအတွက် များစွာအကျိုးရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ပြီး ပြည်သူများ၏အကျိုး သယ်ပိုးဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့ပြီး သင်တန်းသားများက စက်လှေများအား မျှားဦးပုံဖော်ကာ ချီးတက်အလေးပြု၍ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် MSME အသင်းဥက္ကဋ္ဌတို့က သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ၊ ဂါရဝပြုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်းတို့သည် မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ၁၈ပေx၂၇ပေရှိ ထန်းလက်မိုးဆိတ်ခြံတည်ဆောက်မှု၊ ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူ မတည်ငွေဖြင့် ဆောက်လုပ်သည့် ၂၂၀၀ ဂါလံဆံ့ ၅ ပေx ၁၇ ပေရှိ အုတ်ရေကန်တည်ဆောက်မှု၊ မကျီးပင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်သည့် ကျေးရွာစာကြည့်တိုက်အဆောက်အဦများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဆိတ်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးလာရေး၊ သောက်သုံးရေ အကျိုးရှိစွာအသုံးချရေး၊ စာပေဗဟုသုတများ ပိုမိုဖွံ့ဖြိုးလာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်