တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ၊ ဧရာဝတီတိုင်းဒေသကြီး အသင်းစုပေါင်း တံခွန်စိုက်ဆုရရှိ

ရန်ကုန် မေ ၃၁                     

၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲကို မေလ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့အင်းယားကန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အသင်းကစုပေါင်းတံခွန်စိုက် ဆုကို ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲဆုပေးပွဲကို မေလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီက ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှုးဗိုလ်ချုပ် ပြည့်စုံလင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းတို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲယှဥ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက်ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းက အမျိုးသမီး မီတာ(၅၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော မွန်ပြည်နယ်အသင်း တို့အားလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက အမျိုးသားမီတာ(၅၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆု ရရှိသော ရှမ်းပြည်နယ်အသင်းတို့အား လည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်လွင်က အမျိုးသမီး၊အမျိုးသားမီတာ(၅၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ် အသင်းတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမျိုးသမီး၊ အမျိုးသား မီတာ(၅၀၀) (၂၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းတို့အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသမီးမီတာ(၂၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေး ရာဝန်ကြီး ဦးဇော်ဝင်းက အမျိုးသား မီတာ(၂၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးမြို့တော်ဝန်ဦးဗိုလ်ဌေးက အမျိုးသမီး၊ အမျိုးသား မီတာ(၂၀၀) (၁၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အမျိုးသမီး၊ အမျိုးသား မီတာ(၂၀၀) (၂၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီး အသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက အမျိုးသမီး တံခွန်စိုက်ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းက အမျိုးသား တံခွန်စိုက်ဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလား ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက စုပေါင်းတံခွန်စိုက် ဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)