စစ်တွေ မေ ၃၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁၇) တပ်မတော်ဆေးရုံ၊ ခုတင် (၁၀၀) သို့သွားရောက်ပြီး ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခုတင် (၁၀၀)မှ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြုများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ် ဆက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံတက်ရောက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းစီ၏ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွယ်ရာများ၊ တပ်မတော်မှ ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်ပြီး ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအား လှည့်လည်နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမှတ်(၁၇) တပ်မတော်ဆေးရုံ ခုတင် (၁၀၀)မှ အထူးကုဆရာဝန်ကြီးများနှင့်ဆရာဝန်၊ သူနာပြုများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ချီးမြှင့်ငွေနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်ပြီး အမှတ်(၁၇) တပ်မတော်ဆေးရုံ ခုတင် (၁၀၀) ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရေး ဆောင်ရွက်ပေးထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတပ်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းဧည့်ခံကျွေးမွေးသည့် အထူးနေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။ နေ့လယ်စာစားပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်သည် အထူး နေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည့် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားပြီး တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)