တိုက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ပြိုလဲပျက်စီး

တိုက်ကြီး မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥက္ကံမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်ရှိ ဦးတင်မိုးဇော်၏ နေအိမ်ပေါ်သို့ သစ်ပင်တစ်ပင်လဲကျခြင်းနှင့် ဘုရင့်နောင်ရပ်ကွက်ရှိ ဦးသန်းထွန်း၏ နေအိမ်တစ်အိမ် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ ဥက္ကံနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ခန့်ကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတို့က နေအိမ်ပေါ်သို့ လဲကျနေသည့်သစ်ပင်အား ဖယ်ရှားရှင်းလင်းခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေသည့်နေအိမ်မှ မိသားစုဝင်များအား ရှာဖွေကယ်ဆယ်၍ ဆွေမျိုးများနေအိမ်သို့ ရွေ့ပြောင်းပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်နှင့်အဖွဲ့သည် လေပြင်းတိုက်ခတ်မှုကြောင့် ဥက္ကံမြို့၊ မင်းရဲကျော်စွာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းပေါ်သို့ သစ်ပင်တစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုအား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်များ၊ လမ်းသွားလမ်းလာပြည်သူများ ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီူမှုမရှိကြောင်း သိရသည်။

ဝတ်ရည် (တိုက်ကြီး)