ရေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ (မြို့နယ်အဆင့်) အခမ်းအနားကျင်းပ

ရေး မေ ၃၀

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ (မြို့နယ်အဆင့်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပေးပြီး အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ရေးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ရေးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးကဏ္ဍကို ဦးတည်ပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးများ အားလုံးစဉ်ဆက်မပြတ် ပညာလေ့လာသင်ယူနိုင်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ရေးမြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရေး မြို့နယ် တပ်နယ်မှူး  ဗိုလ်မှူးကြီးကောင်းဇော်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ခရိုင်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊  မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံတို့ကို တစ်ဦးချင်းပေးအပ်သည်။

ရေးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၁၅၃ ကျောင်းနှင့် ကိုယ်ပိုင် ကျောင်း တစ် ကျောင်းတို့၌ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ကျောင်းသား၊ ကျောင်းသူဦးရေ  (၃၆,၅၀၈) ဦး လက်ခံဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)