နေပြည်တော် မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ကူဆည်စုကျေးရွာအုပ်စု၊ ကျေးစာဥရွာ SMU ခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် ကျေးလက်နေတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က အမှာစကားပြောကြားရာတွင် သီးနှံများရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများနှင့် မြေပဲဖတ်၊ နှမ်းဖတ်စသည့် သဘာဝမြေဩဇာများကို စနစ်တကျတွက်ချက်၍ မှန်ကန်စွာအသုံးပြုရန်နှင့် သဘာဝမြေဩဇာများကို တွင်ကျယ်စွာအသုံးပြုရေး၊ သီးထပ်စွမ်းအားများ တိုးတက်ရေးတို့ကို တောင်သူများလိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မြေကွက်လပ်များတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ကြဲပတ်စိုက်ပျိုးထားရှိရန်နှင့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးစပါးမျိုးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စပါးစိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုး၍သော်လည်းကောင်း၊ မျိုးစေ့ချကိရိယာ seeder ဖြင့်သော်လည်းကောင်း စိုက်ပျိုးကြရန်၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ်များကို မှန်ကန်စွာ လိုက်နာနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနိုင်ဝင်းက စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးနိုင်ရေးနှင့် စိုက်နည်းစနစ်များကို မှန်ကန်စွာ လိုက်နာနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်တောင်သူများ၏ ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးနိုင်ရေး တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်နေတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ရွက်ဖျန်းအားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)