ရန်ကုန် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ ရုံးဖွင့်ထားရှိသည့်ဌာနများမှ ဝန်ထမ်းများ၏ သားသမီးများအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ချီးမြှင့်ငွေနှင့် ကျောင်းသုံးဗလာစာအုပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂)ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများနှင့် အခြေခံပညာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ပုဂ္ဂလိကကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းမှု ပျက်ကွက်မှုမရှိစေရေးအတွက် အကောင်အထည်ဖော်ရာတွင် အသက်(၅)နှစ်အရွယ်ကလေးများအား KG(သူငယ်တန်း)သို့လည်းကောင်း၊ အသက်(၆)နှစ်အရွယ်ကလေးများအား ပထမတန်းသို့လည်းကောင်း စတင်ကျောင်းအပ်နှံ၍ ပညာသင်ကြားရန် မိဘပြည်သူများထံ အသိပညာပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးစနစ်အဖြစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ပေးအပ်လျက်ရှိပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေးအတွက် မိဘများအနေဖြင့် အခက်အခဲများလျော့ပါးစေရန်နှင့် ကလေးများ အားလုံး စိတ်ချမ်းသာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် စသည်တို့ကိုပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် KG မှ Grade-5 ထိ၊ Grade-6 မှ Grade-9 ထိ၊ Grade-10 မှ Grade-12 ထိနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် Grade-10 မှ Grade-12 ထိနှင့် KG မှ Grade-9 ထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်နန်းဆိုင်စိန်တို့က ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း ရုံးဖွင့်ထားရှိသည့် ဌာနများမှ ဝန်ထမ်းများ၏ သားသမီး စုစုပေါင်း (၄၅၇)ဦးရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ချီးမြှင့်ငွေနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၃၁၀)တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)