မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး ဘဏ်နှင့်အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်နေသူများ ဒုတိယအကြိမ် တွေ့ဆုံမှာကြား

မလှိုင် ၊ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့်အရေးပေါ် တုံပြန်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဘဏ်များ၊ ငွေချေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် သွားကြရန် ဒုတိယအကြိမ် အသိပေးရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီ ခွဲအချိန်က မြို့နယ်အထွေထေွအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။

အသိပေး ရှင်းလင်းပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီ  ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုး ကအဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဘဏ်များ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများအားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အလေးထား လိုက်နာ ဆောင်ရွက်ရန် ၊ ဆောင်ရွက်ထားရှိမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် လုံခြုံရေး  အစီ အမံများနှင့် မီးဘေးကြိုတင် ကာကွယ်ရေးကိုပါ  အလေးထား  ဆောင်ရွက်ထားကြရန် မှာကြားခဲ့သည် ။   ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နေမင်းမျိုးထွန်း က ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေးရှင်းလင်းပြောကြားခဲ့သည် ။  

အဆိုပါအခမ်းအနားသို့ ပုဂ္ဂလိကဘဏ်များဖြစ်သော ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် ၊ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မလှိုင်ဘဏ်ခွဲ) ၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့များမှတာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြောင်းသိရသည် ။    

အောင်ဌေး(မလှိုင်)