ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မလေးရှားနိုင်ငံ၊ ပီနန်မြို့ရွှေတိဂုံပုံတူစေတီတော်တွင် ပူဇော်ရန်လှူဒါန်းသည့် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားနှစ်ဆူနှင့်ဓါတ်တော်များအား ဗုဒ္ဓါအဘိသေက အနေကဇာတင်ပူဇော်ပွဲအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန်၊ မေ ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်ဇနီး မိသားစုများက မလေးရှားနိုင်ငံ၊ ပီနန်မြို့ရွှေတိဂုံပုံတူစေတီတော်၌ ပူဇော်ရန်လှူဒါန်းသည့် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားနှစ်ဆူနှင့် ဓါတ်တော်များအား ဗုဒ္ဓါအဘိသေကအနေကဇာတင်ပူဇော်ပွဲ အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။ 

ဦးစွာ သံလျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီးမှ ပင့်ဆောင်လာသည့် ဗုဒ္ဓစွယ်တော်ပွား နှစ်ဆူနှင့် ဓါတ်တော်များအား ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းမှတဆင့် မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ Kek Lok Si ဘုရားကျောင်း ပါမောက္ခချုပ်ဆရာတော် Ven; Jit Neng သံဃာတော်များနှင့် သီလရှင်များက လင်္ကျာရစ်ပင့်ဆောင်၍ စေတီတော်ရင်ပြင်မြောက်ဘက်မုခ်အောင်မြေရှိ မင်္ဂလာမဏ္ဍပ်တွင်းသို့ ပင့်ဆောင်ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန် စာသင်တိုက်ဦးစီးပဓာန နာယကဆရာတော်ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများက မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားနှစ်ဆူနှင့် ဓါတ်တော်များအား ဗုဒ္ဓါအဘိသေက အနေကဇာတင်ပူဇော်ကြသည်။

ဆက်လက်၍ အလှူတော်မင်္ဂလာအခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဆရာတော်ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အဖွဲ့ဝင်ဆရာတော်များ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏သြဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသည့် ဆရာတော်ကြီး ၂၅ ပါး၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ Kek Lok Si ဘုရားကျောင်း၏ ပါမောက္ခချုပ်ဆရာတော် Ven; Jit Heng၊ ပင့်သံဃာတော်အပါး(၃၀၀)နှင့် သီလရှင်ပါး(၂၀၀)တို့ ကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ မလေးရှားနိုင်ငံမှ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြပြီး နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်သည်။

ယင်းနောက်  နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါ စရိယ၊ အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိ လောကာဘိဝံသထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်အပ်သော အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြသည်။

၎င်းနောက် ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံမှအလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော်ကပ်လှူနိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၅၀ ကို မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ Kek Lok Si ဘုရားကျောင်း ပါမောက္ခချုပ်ဆရာတော် Ven; Jit Heng က ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်ဇေယျလင်းက လက်ခံရယူပြီး မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ Kek Lok  Si ဘုရားကျောင်း ပါမောက္ခချုပ် ဆရာတော် Ven;Jit Heng  က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် အဂ္ဂမဟာပဏ္ဍိတ ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊မဟာဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်းခဲ့ကြကြောင်းသိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)