ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပန်းခင်းစီမံချက်အဆင့် (၃) အရ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

စစ်တွေ  မေ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃) အရ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ သံဃရာဇဝိဟာဘုန်းရဘုန်းတော်ကြီးကျောင်း တိုက်၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုပေါင်းနေထိုင်ရာ စုရပ် (၅၄) ခု ရှိသည့်အနက် ပထမအသုတ်အနေဖြင့် စုရပ် (၁၇) ခုတွင်ရှိကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား (၄၈၁) ဦးအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု (၁၆၈)စု တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူ များအား ပန်းခင်းစီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက် ပေးချက်ရှိရာ စစ်တွေမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက် အဆင့် (၁) တွင် (၆၃၇၂)ဦး၊ အဆင့် (၂) တွင် (၁၃၁၁၂) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်တွေမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာသူများ စုပေါင်းနေထိုင်ရာ စုရပ် (၅၄) ခုကို စုရပ်များအရောက် အလှည့်ကျပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ယခုအိမ်တိုင်ယာရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် မိမိလက်ရှိနေရပ်တွင် အလုပ်အကိုင်မပျက် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများသည် မိမိတို့ ဘဝတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သည့် အရာများဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းအားဖြင့် မိမိတို့သည် မြန်မာနိုင်ငံသားများဖြစ်သည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပြီဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်သည် မိမိတို့နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စရပ်များတွင် မရှိမဖြစ် လိုအပ်သည့်အရာများလည်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်ရရှိပြီးဖြစ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့သွားမည့်ခရီး၊ ဆောင်ရွက်လိုသည့် ကိစ္စအဝဝတို့ကို အလွယ်တကူဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)