ရန်ကုန်၊ မေ ၂၉
(၄၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အမျိုးသားပြတိုက်(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားပြတိုက်(ရန်ကုန်) ပထမထပ်၊ ဘက်စုံခန်းမတွင်ကျင်းပသည်။
အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံက အမှာစကားပြောကြားသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံက " မြန်မာ နိုင်ငံတစ်ဝန်း ပြတိုက်များ ခင်းကျင်းပြသခြင်းအကြောင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များ အကြောင်း " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စန္ဒာခင်က "မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် များအကြောင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့ဝင်ဒေါက်တာမြင့်သိန်းက "နိုင်ငံချစ်စိတ် စစ်မှန်သော မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရေး ပြည်သူ့နီတိနှင့်နိုင်ငံသားကောင်းဖြစ်မှုအတွက် သမိုင်းကြောင်းများ"ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာခြင်းလုံးအကအလှနှင့် ခြင်းလုံးပညာရပ်ဆိုင်ရာများနှင့် မြန်မာ့ရုပ်သေးအကနှင့် ရုပ်သေးပညာရပ်ဆိုင်ရာများဖြင့်တင်ဆက်ခဲ့ကြကာ ဟောပြောခဲ့ကြသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံက နိဂုံးချုပ်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြခန်းများတွင်ပူးပေါင်းပါဝင်သူများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများကလည်း Online System ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)