နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၂၁) ဆရာဖြစ်သင်တန်း ဒီပလိုမာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၂၉

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း သင်တန်းအမှတ်စဉ်(၂၁) ဆရာဖြစ်သင်တန်း ဒီပလိုမာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် (၄၂)ရပ်ကွက်၊ ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအရှင်သူမြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသေဌက သင်တန်းဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မြို့နယ်၊မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံသို့ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းဆက်ကပ်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများလှူဒါန်းဆက်ကပ်ပြီး အမှတ်စဉ် (၂၁) သင်တန်းဆင်းသံဃာတော်များအား ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသေဌက သင်တန်းဆင်း အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံလင်္ကာရာဘိဝံသထံမှ ရေစက်ချတရားနာယူပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)