ရန်ကုန် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကျက်သရေဆောင်သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိသာရ၊ မဟာထေရ်အရှင်သူမြတ်က ဆီမီးထွန်းညှိပူဇော်သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိသာရ၊ မဟာထေရ် အရှင်သူမြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော် မြတ်ကို ရိုသေစွာ နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းဘုရား (၇) ဆူဘုရားနှင့် အောင်တော်မူ စေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအေးကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မတည်လှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ နိုင်ငံတော်တေးသံရှင် အေးမြဖြူက တေးသီချင်းများဖြင့် ပူဇော်သည်။
၎င်းနောက် တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တနန္ဒာစရက ဂါထာရွတ်ဖတ်ပူဇော်ပြီး သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိသာရ၊ မဟာထေရ် အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နားကြား၍ ရေးစက်သွန်းလောင်အမျှပေးဝေကာ “သီတဂူအဓိဌာန်”ဖြင့် “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်းကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)