မိုင်းပျဉ်းမြို့၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းပျဉ်း  မေ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးပြည်သူလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ပထမပိုင်းအစီအစဉ်အပြီးတွင် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို အဆိုပါကျောင်းရှိနဝဒေးခန်းမ၌ ဆက်လက်ကျင်းပရာ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသား /ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းတို့က အမှာစကား အသီးသီးပြောကြားကြသည်။  ဆက်လက်၍ စစ်ဗျူဟာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က အခမဲ့ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသောသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ အခမ်းအနားအပြီးတွင် စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများက စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)