မိုင်းယန်း မေ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေနံနက် ၉ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများမှ “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး မိုင်းယန်းခရိုင်၊ ပညာရေးမှူးဆရာကြီး ဦးသိန်းဝင်မှ ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတို့မှ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်မှ အခမဲ့ပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ပေးအပ်ခဲ့ကြပြီး အခြေခံပညာအလယ်တန်းကျောင်း(ဈေးတန်း) ကျောင်းသား၊ ကျောင်းသူလေးများက "စာသင်ကျောင်းက ခေါင်းလောင်းသံ"သီချင်းဖြင့် ကပြသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး