မိုးနဲ မေ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းသား/သူလေးများက အဖွင့်သီချင်း သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်က မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး အဆင်ပြေပြေနှင့် အခက်အခဲမရှိ ကျောင်းအပ်နှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာသင်ကြားချိန်တွင် အခတ်အခဲမရှိ သင်ကြားနိုင်ရေး နိုင်ငံတော်အစိုးရမှ ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် မူလတန်းကလေးငယ်များအတွက် ကျောင်းဝတ်စုံများကိုပါ စီစဉ်ထားပေးကြောင်း ပြောကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသား/သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ချီးမြှင့်သော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းစိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးဆောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူများ စုပေါင်းအင်အား တစ်ရာဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)