မောက်မယ်မြို့နယ်၌ ရာသီပေါ် ငှက်စွတ်မှိုရောင်းချသူများ စျေးကောင်းရ

မောက်မယ် မေ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရာသီပေါ်ငှက်စွတ်မှိုနှုတ်ယူရောင်းချသူများ မှို ၁၀ ကျပ်သားကို ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ရောင်းချနေရပြီး စျေးကောင်းရလို့ အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှသိရသည်။

“ ဒီဒေသမှာ ငှက်စွတ်မှိုက ကဆုန်လပြည့်ကျော်တာနဲ့ မိုးရွာသွန်းပြီးနောက်နှစ်ရက်လောက် ပူအိုက်ခါစအချိန်မှာ  အများဆုံးထွက်ပေါ်လေ့ရှိပြီး ရှာဖွေနှုတ်ယူရတာပါ၊ ယခုလိုမှိုလှိုင်လှိုင်ပေါ်တဲ့ အချိန်မှာ မှိုရှာတွေ့များတဲ့နေ့ဆိုရင်တစ်ရက်ထဲ တစ်ပိဿာကျော်ရရှိပါတယ်၊ ရွာမှာဖောက်သည် စျေးက မှို ၁၀ သားကို ၁,၀၀၀ ကျပ်နဲ့ရောင်းချရပါတယ်၊ မှိုပေါ်ချိန်ကရက်တိုတော့ ပေါ်ဦးပေါ်ဖျားဆိုရင် စျေးပိုရပြီး တစ်ပိဿာကို ငွေကျပ် ၁၅,၀၀၀ ကျော်အထိရောင်းချရပါတယ် ဒီမှိုကတစ်နှစ်မှတစ်ခါပဲ ပေါ်တာ ဒီနှစ်စျေးကောင်းရတော့ မှိုရှာရတာအဆင်ပြေပါတယ်”ဟု နောင်ခမ်းကျေးရွာနေ မှိုနှုတ် ရောင်းချသူ နန်းခမ်းအိမ်ကပြောသည်။

“စျေးထဲမှာ လက်ရှိမှိုပေါက်စျေးက ရွာဘက်တွေနဲ့မတူဘူး ရွာဘက်ကနေ မြို့ပေါ်စျေးထဲလာ ရောင်းရင် မှိုအငုံဆိုရင် တစ်ဆယ်သား၂,၀၀၀ကျပ်၊ အပွင့်ဆိုရင် ၁,၅၀၀ ကျပ် ၅ ပွင့် ၆ ပွင့်အတွဲလိုက် လဲရောင်းရာမှာ တစ်တွဲလျှင် ၁,၀၀၀ ကျပ်ရရှိပြီး မှိုလှိုင်လှိုင်ပေါ်ချိန်ဆိုရင် တစ်နေ့ကို၂၀,၀၀၀ ကျပ်/ ၃၀,၀၀၀ ကျပ်အထိရောင်းရပြီး အပိုဝင်ငွေရပါတယ်” ဟုမြို့မစျေးမှ မှိုလာရောင်းချသူတစ်ဦးကပြော သည်။

မောက်မယ်မြို့နယ်၌ ဒေသအခေါ်ငှက်စွတ်မှိုကို ရာသီစာဟင်းအဖြစ် ကန်စွန်းရွက်၊ ဖရုံရွက်၊ ငရုတ်သီးစိမ်းတို့ဖြင့် ရောယှက်ကာ အရည်သောက်၊ အချို/ အစပ် အရသာမျိုးစုံကြော်/ချက်၍ အများဆုံးချက်စားကြပြီး မှိုပေါ်ချိန်ထွက်ခါစ အငုံအဖူးများကို စျေးကောင်းပေး၍ဝယ်ယူလေ့ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)