တပ်ကုန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်း ဖွင့်လှစ်

တပ်ကုန်း မေ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက သင်တန်းသားများ လက်တွေ့သင်ကြားပို့ချသော ပညာရပ်များကို တတ်သိကျွမ်းကျင်အောင် လေ့လာသင်ယူကြရေး၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာခဲ့လျှင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ပြီး ပြည်သူများ၏ အကျိုးသယ်ပိုးဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေက သင်တန်းစည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

သင်တန်းသို့ သင်တန်းသား ၃၅ ဦး တက်ရောက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးဟိန်းအောင်ကျော်၊ ဒုမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေနှင့် ရေပြင်နည်းပြ(ပြင်ပ)မှ  သင်တန်းနည်းပြများက ရေပြင်အသက်ကယ်နည်းစနစ်နှင့် လှေတက်ကိုင်စနစ်၊ စက်လှေမောင်းနည်းစနစ် ပညာရပ်များကို မေ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဆရာစံရပ်ကွက်၊  အောင်းကြီးကန်အတွင်း စုဖွဲ့ဇာတ်တိုက်လေ့ကျင့်သင်ကြားမည့်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်