ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)နှင့် ဂျပန် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ပူးပေါင်း၍ လက်ဆေး ဆပ်ပြာရည်နှင့် ရေတိုင်ကီပေးအပ် လှူဒါန်းပွဲကျင်းပ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ ပူးပေါင်း ၍ “လက်ဆေးကြပါစို့” ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပျံ့ပွားမှု ကာကွယ်တားဆီးရေးလူထု အသိပညာပေး လှုပ်ရှားမှုနှင့် အတူမြို့နယ်နေ ပြည်သူ များအတွက် လက်ဆေး ဆပ်ပြာရည် (၈၇၀၀)ဘူး နှင့် ရေဂါလန် (၈၀၀) ဆန့် ရေတိုင်ကီ(၃)လုံး ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၉) ဦးစိန်အုန်း၊ ဂျပန် သံရုံးမှ စီးပွားရေးအကြံပေး အရာရှိ Mr. TAKIMI Kazuyuki နှင့် JICA မှ အကြီးတန်းဒေသ ကိုယ်စားလှယ် Mr. MATSUOKA Hajime တို့က အဖွင့်အမှာစကား အသီးသီး ပြောကြား၍ လက်ဆေး ဆပ်ပြာ ရည်များ ပေးအပ်လှူဒါန်းရာ ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇာဏီမောင်နှင့် မြို့နယ်‌ ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းတို့မှ လက်ခံရယူခဲ့ကြပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ တာဝန်ရှိသူများ၊ ဂျပန် သံရုံးမှ တာဝန်ရှိသူများ၊  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ တာဝန်ရှိသူများက ရေဂါလန် (၈၀၀)ဆန့် ရေတိုင်ကီဖြင့် ရေအသုံးပြု နေမှုအားကြည့်ရှုပြီး၊ မြို့နယ် အတွင်းရှိ အိမ်ထောင်စုများအား လက်ဆေး ဆပ်ပြာရည်များ လှူဒါန်းဖြန့်ဝေပေးခဲ့ ကြသည်။

အဆိုပါ လှူဒါန်းရရှိ လက်ဆေးဆပ်ပြာရည်များကို မြို့နယ်အတွင်းရှိ အိမ်ခြေ ၊အိမ်ထောင်စု (၈၅၀၀)၊ အခြေခံပညာ ကျောင်း(၁၇)ကျောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆက်လက် လှူဒါန်း ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)