မုဒုံ မေ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးခဲ့ပြီး မြို့နယ်ကျောင်းနေရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက ကျောင်းနေအရွယ်ကလေးသူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေး မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်းမြင့်မားလာစေရေးအတွက် ပညာရေးဝန်ထမ်းအားလုံး KG + 12 စနစ်သင်ပညာရေးကို အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေးက ကျောင်းအပ်နှံရေးလုပ်ငန်းအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများက လက်ခံရယူခဲ့သည်။ ယင်းနောက် ပညာရေးစေတနာရှင် အလှူရှင်များက စုစုပေါင်း လှူဒါန်းငွေကျပ် (၄၉၄)သိန်းအား အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)