ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ Documentary အား မြန်မာ၊ အင်္ဂလိပ်(နှစ်ဘာသာ)တို့ဖြင့် အဆင့်မီရိုက်ကူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ မေ ၂၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ Documentary အား မြန်မာ၊ အင်္ဂလိပ်(နှစ်ဘာသာ)တို့ဖြင့် အဆင့်မီရိုက်ကူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ Documentary ပြုစုရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့၏နေမြေဒေသများသို့ လာရောက်လည်ပတ်သည့် နိုင်ငံ တကာမှအကြီးအကဲများ၊ ပြည်ပဧည့်သည်တော်များနှင့် လေ့လာရေးအဖွဲ့များအား ပြသနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့များ၏ Documentary အား မြန်မာ၊ အင်္ဂလိပ်(နှစ်ဘာသာ) တို့ဖြင့် အဆင့်မီစွာပြုစုဆောင်ရွက်ထားနိုင်ရန် ညွှန်ကြားထားကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု Documentary ပြုစုရိုက်ကူးရေးအဖွဲ့မှ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လူမှုရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများ၊ လမ်းတံတားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသတွင်း သက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်စေရေးအတွက် MSME လုပ်ငန်းများဆောင်ရွက်ထားရှိမှု ဆိုင်ရာလုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများပို့ဆောင်ပေးမှု အခြေအနေ၊ ကျောက်ဖြူမြို့နယ် ကမ်းလွန်သဘာဝဓာတ်ငွေ့စခန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တင်ပို့မှုအခြေအနေများကို မှတ်တမ်းထားရှိခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၏ Documentary ပြုစုရိုက်ကူးရေးလုပ်ငန်းအဖွဲ့မှ လက်ရှိဆောင်ရွက်ထားရှိသော ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုပြီး ထပ်မံဖြည့်စွက်ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ Documentary ပြုစုရိုက်ကူးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက Documentary ပြုစုရိုက်ကူးရေးလုပ်ငန်းအဖွဲ့၏လုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ Documentary ပြုစုရိုက်ကူးရေးလုပ်ငန်းအဖွဲ့အတွင်းရေးမှူး စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က အဖွဲ့၏ဆောင်ရွက်ထားရှိမှုအားလည်းကောင်း ပါဝါပွိုင့်၊ ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ Documentary ဖြစ်မြောက်ရေးကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)