မိတ္ထီလာ မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဘဏ်ခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မိတ္ထီလာခရိုင်မန်နေဂျာ ဒေါ်မာမာသီက မြို့နယ်အတွင်း ချေးငွေကြွေးကျန်များပြေကြေစွာ ကောက်ခံ ရရှိရေးနှင့် ပြေကြေသည့် တောင်သူများအား ချေးငွေသစ်များကို မေလ ၁၉ ရက်နေ့မှ စတင်၍ ပြန်လည်ထုတ်ချေးပေးလျက်ရှိပြီး ပြန်လည်ထုတ်ချေးပေးခြင်းကိစ္စရပ်များနှင့် စည်းမျဉ်း စည်းကမ်း များ၊ အတိုးနှုန်းများ၊ ငွေချေး တောင်သူများ သီးနှံအာမခံထားရှိနိုင်ရေး၊ ချေးငွေများ ပြန်လည်ပေးဆပ်မည့် ကာလနှင့်ဘဏ်လုပ်ငန်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်
ထို့နောက် မိတ္ထီလာ ခရိုင်မန်နေဂျာ ဒေါ်မာမာသီက ကျွဲတလင်းကျေးရွာအုပ်စုမှ တောင်သူ ၁၂၁ ဦး တို့အား ၂၀၂၅ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ ယာသီးနှံ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းတို့ဖြင့် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း ၇၈၉.၅၀ ကို ထုတ်ချေးခဲ့သည်။ ဆက်လက်၍ ကျန်ရှိသော ကျေးရွာအုပ်စုများကိုလည်း သတ်မှတ်ထုတ်ချေး ကာလအတွင်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်၌ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရန် ကျေးရွာအုပ်စု ၅၃ အုပ်စုမှ မိုးစပါးစိုက်ပျိုးရန်လျာထားဧက ၁၄၀၀၀ နှင့် အခြားသီးနှံဧက ၄၄၀၀၀ တို့အတွက် ထုတ်ချေးရန် လျာထားငွေကျပ်သိန်း ၆၅၀၀၀ လျာထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)