မိတ္ထီလာ ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆီထွက်သီးနှံ(နှမ်း၊နေကြာ)မျိုးများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဆည်ရွာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားရာတွင် မိတ္ထီလာမြို့တွင် နှမ်းစိုက်ဧကများ နှမ်းသီးနှံအထွက်နှုန်း နည်းပါးသည့်အတွက် နှမ်းသီးနှံများ သတ်မှတ်လျာထားသည့် အထွက်နှုန်းများရရှိစေရန် နှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံပြီး နှမ်းစိုက်တောင်သူများ၏ နှမ်းသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များ၊ အရင်းအနှီးလိုအပ်ချက်များ၊ သွင်းအားစု၊ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေ၊ မြေပြုရန်လိုအပ်မှု အခြေအနေများနှင့် ပိုးမွှာအန္တရာယ်နှိမ်းနင်နိုင်ရန် ကာကွယ်ဆေးများစသည့် လိုအပ်ချက်များ သိရှိနိုင်ရန်နှင့် ဆီထွက်သီးနှံ (နှမ်း၊နေကြာ) မျိုးများအား စိုက်ပျိုးရေးတောင်သူများအား ပေးအပ်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက မိတ္ထီလာခရိုင်အတွင်း နှမ်းသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ စိုက်ပျိုးရာတွင် လိုအပ်လျက်ရှိသည့် အခြေအနေများအား ဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မိုးနှမ်းသီးနှံ စိုက်ပျိုးရာတွင် လိုက်နာရမည့် အခြေအနေများနှင့် ပတ်သက်၍ မိတ္ထီလာခရိုင် စိုက်ပျိုးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ၊ ပိုးမွှားကာကွယ်ရေးတာဝန်ခံ၊ မြေအသုံးချမှု တာဝန်ခံများနှင့် မိတ္ထီလာမြို့နယ် ဦးစီးမှူး ဦးသက်နိုင်အေးတို့က ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးတို့က ဆည်ရွာကျေးရွာရှိ နှမ်းနှင့် နေကြာစိုက်ပျိုးမည့်တောင်သူများအား ကံရှိ နှမ်းမျိုးနှင့် ဆင်းရွှေကြာ-၂၊ ရေဆင်း(၁)စပ်မျိုးနေကြာမျိုးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)