နေပြည်တော် မေ ၂၈
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီး ရဲမိုးသည် ပျဉ်းမနားမြို့နယ်၊ မဲဇလီကုန်းကျေးရွာရှိ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအား စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအား တိုးမြှင့်နိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် MAPCO နွားမွေးမြူရေးခြံသို့ရောက်ရှိပြီး မွေးမြူထားရှိမှုအခြေအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နွားချေးဖြင့် သဘာဝမြေဩဇာထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီး ရဲမိုးသည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှိ နွေစပါးစိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ အလျင်လိုကျေးရွာရှိ နွေစပါစိုက်ပျိုးထားရှိမှုနှင့် ဘဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ရှားတောကျေးရွာရှိ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)