စစ်တွေ မေ ၂၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်များအား ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာစခန်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်ကဏ္ဍ အသီးသီးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ ဒေသအခြေအနေနှင့်ကိုက်ညီသည့် သက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ယခုတိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များအား ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ပြီး ယာယီနေရပ်စွန့်ခွာ စခန်းများတွင်နေထိုင်သည့် တိုင်းရင်းသားများထံမှ စစ်တမ်းကောက်ယူကာ စစ်တမ်းရလာဒ် အပေါ်မူတည်၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် သက်မွေးဝမ်းကျောင်းသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးသွားရန်ရှိကြောင်း၊ ပြည်နယ်တစ်ခုဖွံ့ဖြိုးတိုးတက်လာရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှု သည် အဓိကကျကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်ရန်၊ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်၊ ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားတစ်ဦးချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သက်မွေးပညာတတ်မြောက် ကျွမ်းကျင်လာပြီး မိမိဒေသအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရန်ရည်ရွယ်ပြီး ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် စခန်းကိုယ်စားပြုတာဝန်ခံများက မိမိတို့စခန်းအတွင်းပြန်လည် ဟောပြောဆွေးနွေးနိုင်အောင် အလေးထား မှတ်သားကြရန်ပြောကြားလိုကြောင်း၊ ဟောပြောပွဲအပြီးတွင်လည်း တိုင်းရင်းသားများ၏ လက်ရှိလိုအပ်ချက်အခြေအနေမှန်များကို သိရှိနိုင်ရန် စစ်တမ်းကောက်ယူခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် အချက်အလက်များဖြည့်သွင်းရာတွင် မိမိ၏လွတ်လပ်သည့် အတွေးအခေါ်၊ ဆင်ခြင်ဉာဏ်များဖြင့် သုံးသပ်၍ ဖြည့်သွင်းမှသာ ဒေသနှင့်ကိုက်ညီပြီး မိမိတို့ဆန္ဒ ထင်ဟပ်ပေါ်လွင်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားများ၏ အခန်းအကဏ္ဍသည် အလွန်အရေးကြီးခြင်းကြောင့် စုပေါင်းပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးသော ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာရေးအတွက် မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အချင်းချင်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရေးရာအသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များအား ဆန်းစစ်ခြင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လက်ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံက တိုင်းရင်းသားရေးရာ အသိပညာဟောပြောခြင်း၊ ပြည်နယ်ပညာရေးမှူးက ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် ကျောင်းပြင်ပပညာရေးဆိုင်ရာများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ကျန်းမာရေး ဆိုင်ရာသိကောင်းစရာများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများစသည့် ခေါင်းစဉ်များဖြင့် ဟောပြောကြရာ တက်ရောက်လာကြ သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးကြသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ဟောပြောဆွေးနွေးချက်များအပေါ် ပြန်လည်ခြုံငုံသုံးသပ်ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များ ဆန်းစစ်ခြင်းစစ်တမ်းများအား ဖြည့်သွင်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)