ပုဗ္ဗသီရိ မေ ၂၇
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၉ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ညောင်ပင်ကြီးစုကျေးရွာနှင့် သစ်တပ်ကျေးရွာမှ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ချေးငွေထုတ်ပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဒေါ်ခင်အေးလှိုင်က ယခုနှစ် မိုးစပါးချေးငွေထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့် ကာလနှင့် အကျေပြန်လည်ပေးဆပ်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံးအကြေပြန်လည်ပေးဆပ်ခဲ့သည့် ညောင်ပင်ကြီးစု ကျေးရွာနှင့် သစ်တပ်ကျေးရွာမှ တောင်သူ (၁၄၆) ဦးတို့၏ စိုက်ဧက (၅၇၈) ဧကအတွက် မိုးစပါး တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချေးငွေကျပ် (၈၅,၅၅၀,၀၀၀) ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အကျေပြန်လည် ဆပ်ပြီးသည့် ကျေးရွာပေါင်း (၃၀) မှ တောင်သူ (၄၅၀၁) ဦးတို့၏ မိုးစပါး စိုက်ဧကပေါင်း (၁၇၉၆၁) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၂,၅၈၃,၈၀၀,၀၀၀) အား မေလ (၂၃) ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာထံမှ သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)