အမရပူရ မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် မှန်တန်းရပ်ကွက်ပလစ (၂) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံ ပညာအထက်တန်းကျောင်းရှိ စင်္ကြာမင်းခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်ကိုလင်းနှင့် ခရိုင်ပညာရေးမှူး ဒေါ်ထုလွမ်တို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းက ကျောင်းအပ်နှံရေးနေ့အကြောင်းကို ပြောကြားခဲ့သည်။ အခမ်းအနားသို့ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။ ယင်းနောက် ငလျင်ဒဏ်သင့် Grade-1 နှင့် Grade-2 ကျောင်းသား၊ ကျောင်းသူ ၁၈၀၂ ဦးအတွက် Rotary Club of Mandalay ဥက္ကဋ္ဌက ကျောပိုးအိတ်၊ ကွန်ပါဘူးနှင့် စာရေးကိရိယာအစုံတို့ကို ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့ပြီး မှတ်တမ်းဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အမရပူရမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) နေ့အထိဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြက် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအား လုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ အားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရပါသည်။
စိုးသီဟ(အမရ)