ဗိုလ်တထောင် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.ထ.က(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စည်ပင်ကျန်းမာဌာနမှ ဌာနမှူး ဒေါက်တာမြင့်သန်းထွန်းနှင့်အဖွဲ့တို့ ရောက်ရှိခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇင်မင်းလှိုင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။
အဆိုပါဝန်ကြီးချုပ်နှင့် အဖွဲ့သည် အ.ထ.က(၅)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း ကျောင်းအပ်နှံမှုအခြေအနေ၊ ကျောင်းစာကြည့်တိုက်များတွင် စာအုပ်၊ စာစောင်များ၊ သုတ၊ ရသစာပေများ ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအပ်နှံသည့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံမှာကြားခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် အ.ထ.က (၆) အခြေခံပညာအထက်တန်းကျောင်းသို့ ထွက်ခွာခဲ့ပြီး ကျောင်းသန့်ရှင်းရေးဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားမိဘများအား ရင်းရင်းနှီနှီးလိုက်လံအားပေးခြင်း၊ ကျောင်းစာကြည့်တိုက်တွင် စာအုပ်၊ စာစောင်များ၊ သုတ၊ ရသစာပေများ ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အ.ထ.က (၆) အခြေခံပညာအထက်တန်းကျောင်းမှ ၁၀ နာရီ ၅၀ မိနစ်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)