သထုံ မေ ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား အ.ထ.က(၁)သထုံမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်းက “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ယခုနှစ် ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးအမှာစကားပြောကြားသည်။
ယင်းနောက် ခရိုင်ပညာရေးမှူး ဦးခဲမိုင်းက လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်အရ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်းနေသည့် ကလေးတိုင်းကျောင်းနေမြဲရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးက သထုံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အခမဲ့ပညာရေးစနစ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးမှုအခြေအနေများနှင့် အခြေခံပညာကျောင်းအသီးသီးတို့၌ ကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံကို ထောက်ပံ့ပေးအပ်ရာ အခြေခံပညာကျောင်းအလိုက် ကျောင်းသား၊ ကျောင်းသူတို့က လက်ခံရယူခဲ့ကြသည်။
သထုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၈ ကျောင်း၊ အလယ်တန်း ၉ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၈ ကျောင်း၊ မူလွန်ကျောင်း ၃၂ ကျောင်း၊ မူလတန်း ၁၀၈ ကျောင်းနှင့် မူလတန်း(ခွဲ) ကျောင်း ၁ ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး မေလ ၂၂ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၆၈၅၂ ဦး လာရောက်ကျောင်းအပ်နှံပြီးကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)