သထုံမြို့ လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

သထုံ မေ ၂၇

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်က စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာသူတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး သထုံမြို့၊ ဓမ္မမေဒနီကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တအရှင်ဝိစိတ္တထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြကာ တရားတော်မြတ်ကို နာယူတော်မူခဲ့ကြသည်။

ယင်းနောက် သံဃာတော်တို့က နတ်ပင့်ဂါထာတော်နှင့် ရောင်ခြည်တော်ဖွင့်ဂါထာတော်တို့အား ရွတ်ဖတ်ပူဇော်ကြပြီး ပဋ္ဌာန်းဒေသနာတော်များ စတင်ရွတ်ဖတ်ဖွင့်လှစ်ပေးကြကာ အလှည့်ကျသံဃာတော်အရှင်သူမြတ်တို့က ဒေသနာတော်အား စတင်ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲတွင် သထုံမြို့နယ်အတွင်းရှိ သံဃာတော်(၂၆)ပါးတို့က မေလ (၂၇) ရက်နေ့ နံနက်မှစတင်ကာ (၅)ရက်ကြာ နေ့ညအသံမစဲရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)