မြစ်ကြီးနားမေ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးနှင့် ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီကြိတ်စက်များ အဆင့်မြှင့်တင် တိုးတက်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဒေသအလိုက် ဝမ်းစာဖူလုံလာစေရေး၊ ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေန်၊ မိုးစပါးစိုက်လယ်များတွင် တိုးချဲ့စိုက်ပျိုးလာစေရန် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် သွင်းအားစုများ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေးနှင့် လိုအပ်သည်များကို အချိန်မီဖြည့်ဆည်းပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအပြင် ဒေသတွင်းကြိတ်ခွဲထုတ်လုပ်နိုင်ရေး ဆန်နှင့် ဆီကြိတ်ခွဲများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့တည်ထောင်နိုင်ရေးအတွက် ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအလိုက် နှစ်အလိုက်အမှန်တကယ် စိုက်ပျိုးနိုင်မှုအပေါ်အခြေခံ၍ သက်ဆိုင်ရာဌာနအလိုက် သုံးသပ်ဆွေးနွေး၍ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာအောင် အားလုံးကဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင်/မြို့နယ်များအတွင်း ဘဏ္ဍာနှစ်အလိုက် မိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဆောင်းသီးထပ် ဆီထွက်သီးနှံနှင့် သီးနှံ(၁၁)မျိုး စိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများ၊ ယခုနှစ် မိုးစပါးစိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးသွားမည့်အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းခရိုင်အလိုက် ဖူလုံမှုနှင့် စိုက်ပျိုးရေးတွင် မိုးညှင်းခရိုင်အနေဖြင့် စဉ်ဆက်မပြတ်တိုးတက်အောင်မြင်လျက်ရှိသည့်အပြင် ကျန်ခရိုင်များတွင်လည်း တိုးတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ မြစ်ကြီးနားခရိုင်အနေဖြင့် ပိုမိုတိုးတက်လာစေရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်သော်လည်း မွေးမြူရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အရှိန်အဟုန်မပြတ် ကြိုးစားကြရမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)