တောင်ကြီးမြို့၌ စက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး မေ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ဘန့်ကွေးကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဘန့်ကွေးကအဆိုပါ ကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ၂၀၂၅-၂၀၂၆ မှာလည်းဝင်ငွေတိုးစီမံကိန်း(၃၂)ခုကို ဆက်လက်လျာထား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ပြည်နယ်ရုံး(၁၁)ခု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခု၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)ခု၊ လွိုင်လင်ခရိုင်ရုံး(၅)ခု၊ တာချီလိတ်ခရိုင်ရုံး(၅)ခု၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်း(တောင်ကြီး)(၂)ခု စုစုပေါင်း(၃၂)ခုအား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်တဲ့စက်ချုပ်နည်းပညာနှင့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းများကိုလည်းအသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာရေးအတွက် သင်ကြားပေးတာဖြစ်ကြောင်း၊ သင်ကြားပေးသည့် အစီအစဉ်ကတော့ စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာဖို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် နည်းပညာတွေ၊ လုပ်ငန်းအရင်းအနှီးတွေ၊ ပူးပေါင်းကူညီမှုတွေကို အမိအရ ရယူပြီး ကိုယ်တိုင်က ဖြစ်ချင်တဲ့စိတ်၊ အောင်မြင်ချင်စိတ်နှင့် ကြိုးစားမှုတွေကိုပေါင်းစပ်ပြီး ကြိုးစားဆောင်ရွက်သွားကြပါ၊ သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးတဲ့ အခြေခံကောင်းတွေပေါ်မူတည်ပြီး ကိုယ်တိုင်တီထွင်ဆန်းသစ်မှုများဖြင့် ထိုးထွင်းကြံဆပြီး အကောင်းဆုံးဆောင်ရွက်သွားစေလိုပါကြောင်း၊ သင်တန်းကို အစ၊ အလယ်၊ အဆုံး တတ်မြောက်အောင်သင်ယူကြရန်၊ မသိနားမလည်းတဲ့ကိစ္စများကို နည်းပြဆရာ၊ ဆရာမများထံ မေးမြန်းသင်ယူကြရန်နှင့် သင်ယူတတ်မြောက်တဲ့ ပညာရပ်များကို အသုံးချပြီး မိမိတို့တစ်ပိုင်တစ်နိုင်လုပ်ငန်းမှစ၍ အောင်မြင်တဲ့လုပ်ငန်းရှင်များ ပေါ်ထွက်လာပါစေကြောင်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက စီမံကိန်းသင်တန်းများ ဖွင့်လှစ်ရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းတက်ရောက်ရခြင်းကို အကျိုးရှိစွာ အသုံးချ၍ သေသေချာချာတတ်မြောက်အောင်သင်ကြားစေလိုကြောင်း သင်တန်းကာလအတွင်း သင်ကြားပေးသည့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လေ့လာဆည်းပူးခြင်း၊ တီထွင်ဆန်းသစ်ခြင်းနှင့် သုတေသနပြုခြင်းတို့ကိုပါ တစ်ပါတည်းဆောင်ရွက်စေလိုကြောင်း ယခုသင်တန်းမှ စိတ်ပါဝင်စားသူ ထူးချွန် စက်ချုပ်သင်တန်းသားများကို အမရပူရမြို့ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဖွင့်လှစ်မည့် ဒီဇိုင်နာသင်တန်း (၆)လသင်တန်းသို့ တက်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ စက်ချုပ်နည်းပညာသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပြီး မော်တော်ဆိုင်ကယ်ပြင်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ် ဦးစီးမှူးက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအားပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းများအနက် စက်ချုပ်နည်းပညာသင်တန်းအား တောင်ကြီးမြို့နယ်၊ အုတ်ဖိုကျေးရွာနှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းအား တောင်ကြီးမြို့နယ်၊ မြေနီကုန်းကျေးရွာတို့တွင် (၂၆.၅.၂၀၂၅) ရက်နေ့မှ (၂၄.၆.၂၀၂၅) ရက်နေ့အထိ ပထမအကြိမ် အခြေခံသင်တန်းအဖြစ်လည်းကောင်း၊ (၂.၇.၂၀၂၅) ရက်နေ့မှ (၁၆.၇.၂၀၂၅) ရက်နေ့အထိ ဒုတိယအကြိမ် မွမ်းမံသင်တန်းအဖြစ်လည်းကောင်း သင်တန်းသား (၁၀) ဦးစီဖြင့် စာတွေ့ (၃၀)ရာခိုင်နှုန်း လက်တွေ့ (၇၀) ရာခိုင်နှုန်းဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်၊ (တောင်ကြီး)