ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ယာယီနေရပ်စွန့်ခွာစခန်းများတွင် ရွှေ့လျားဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအား သွားရောက်ကြည့်ရှုအားပေး

စစ်တွေ    မေ   ၂၆

ရခိုင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာစခန်းများတွင် ရွှေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ငါးစရိုင်းချောင်း ဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း၌ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဆရာဝန်၊ သူနာပြုများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာစခန်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးအတွက် အသိပညာပေးဟောပြော ဆွေးနွေးနေမှု၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီနေရပ်စွန့်ခွာစခန်းရှိ ကလေးငယ်များ ကျောင်းဖွင့်ချိန်တွင် အေးချမ်းစွာကျောင်း တက်ရောက် ပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကိုမှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်ဆွေဆွေမြတ်နှင့်အဖွဲ့ဝင်များသည် ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအား အာဟာရဖြည့်စွက်စာများ၊ စားသောက်ဖွယ်ရာများ ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော သီလရှင်များ၊ သက်ကြီးအဘိုးအဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးသည် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာစခန်းရှိ ကလေးငယ်များအား အာဟာရ ဖြည့်စွက်စာများကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ယာယီနေရပ်စွန့်ခွာစခန်းရှိ ရေကန်၌ သောက်သုံးရေသိုလှောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)