တောင်ဥက္ကလာပမြို့နယ်၌ SHADOWBOXING စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ မေ ၂

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော SHADOWBOXING စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၀ ရပ်ကွက် ပဒေသာအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီအတွင်းရေးမှူး ဦးသက်ထွန်းစိုးမှ ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်များက စုပေါင်းသွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စီနီယာကစားသမားများမှ SHADOWBOXING သရုပ်ပြခြင်း၊ အသက် ၁၅ နှစ်အောက် Junior Class ပြိုင်ပွဲဝင်များယှဉ်ပြိုင်ခြင်း၊ အမျိုးသမီးအားကစားသမားအဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ စီနီယာအားကစားသမားများမှ Shadowboxing သရုပ်ပြခြင်း၊ အသက် ၁၈ နှစ်အောက် Youth Class များ ယှဉ်ပြိုင်ကစားခြင်း၊ အမျိုးသမီးအားကစားအဖွဲ့မှ ကပြဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် SHADOWBOXING စွမ်းရည်ပြိုင်ပွဲ အသက်(၁၅)နှစ်အောက် ဆုရရှိသူ(၅)ဦးနှင့် အသက်(၁၈)နှစ် အောက်ဆုရရှိသူ(၅)ဦး ဆုရအားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီမှ တာဝန်ရှိသူတို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)