မော်လမြိုင် မေ ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာအုပ်စု ကော့တာတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇမထေရ်မြတ် သက်တော် (၇၂) နှစ် သိက္ခာတော် (၄၀) ဝါရှိ အန္တိမအဂ္ဂိဈာပန၊ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ အေးငြိမ်းဇမ္ဗူဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို သဗ္ဗေသင်္ခါရာအနိစ္စာအစရှိသော သုံးဂါထာတို့ကိုရွတ်ဆို ဖွင့်လှစ်၍ မုဒုံမြို့ သာသနာ့ရောင်ရှိန် ဓမ္မရာဇိန်ကျောင်း ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော ကတီပါသင်္ကန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အပေါ်သို့ လွှမ်းခြုံပူဇော်ခဲ့ပြီး ပင့်သံဃာတော်၊ ဆရာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မုဒုံမြို့ သာသနာ့ရောင်ရှိန် ဓမ္မရာဇိန်ကျောင်း ဦးစီးပဓာနနာယက ဆရာတော်ထံမှ ဓမ္မသံဝေဂတရားတော်နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား မြတ်နန်းရွှေဂူစံကျောင်းတော်ဆီသို့ ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အခမ်းအနားကို အနိစ္စာဝတသင်္ခါရာ အစရှိသော သုံးဂါထာတို့ဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)