ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

ကွမ်းခြံကုန်း မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကံကြီးပိုင်းရပ်ကွက်နှင့် အ-ထ-က(၁)၊ အ-ထ-က (၂) ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းနှင့်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate)ဆေးခပ်ခြင်း၊ စသည့်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်‌/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များတို့က ပူးပေါင်း၍ ကျေးရွားများအထိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူထံမှ သိရသည်။

ဆွေနွယ် (ပြန်/ဆက်)