သန်လျင်မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရန်ကုန် မေ ၂၆

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့ အ.ထ.က (၁) ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က (၁) မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်နှင့် သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဆန်းဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်က ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကိုယ်ပိုင်ကျောင်းများ၊ အလှူရှင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကျောင်းသား၊ ကျောင်းသူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)