မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

မော်လမြိုင် မေ ၂၅

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအားဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။  

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဝင်း အတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာစာသင်ကျောင်းများ သန်ရှင်း၍ စိမ်းလမ်းစိုပြေစေရေးအလေးထားဆောင်ရွက်ပေးကြရန်၊ မကြာမီကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေး၊ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။      

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့တွင် မိုးဦးကျရာသီရောက်ရှိလာပြီးဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ ဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Abate ဆေးခတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မြိုင်သာယာရပ်ကွက်ရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုပူပေါင်းပါဝင် ဆောင်ရွက်စေရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အခြေခံပညာစာသင်ကျောင်းများပါမကျန် ရပ်ကွက်ကျေးရွာများအထိ ဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်တွင် ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ စာသင်ကျောင်းများအပါအဝင် နေအိမ်များရှိ ခြင်များ၊ ပိုးလောက်လမ်းများ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လမ်းမရှိစေရေး(Abate) ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်များအား ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ရပ်ကွက်၊ ကျေးရွာနေအများ ပြည်သူများပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)