တံတား မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club)အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်စိတ်ပညာရေးသားသည့် “ တောသားလေးတစ်ယောက်”စာအုပ်ဖြင့် မေလ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ် စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင် မဇင်ဖူးဝေက ဦးဆောင်ဆွေး နွေးရာတွင် ယနေ့ခေတ်လူငယ်များသည် ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံနယ်နိမိတ်ကို လုံခြုံအောင် ကာကွယ်သင့်ကြောင်း၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်၊ စည်ကားသာယာအောင် တည်ဆောက်ကြိုးပမ်းသင့်ကြောင်း၊ စိတ်ကောင်းစေတနာကို အဓိကမဏ္ဍိုင်ထားပြီး နိုင်ငံနှင့်လူမျိုးကို ကောင်းကျိုးပြုနိုင်အောင် ရှေးရှုရမည်ဖြစ်ကြောင်း၊ ကိုယ့်ဘဝ၊ ကိုယ့်ခွန်အား ကိုယ့်စွမ်းအားကို တန်ဖိုးထားသင့်ကြောင်း၊ လူငယ်များအတွေးအမြင်ကျယ်ပြန့်အောင် စာများများဖတ်သင့်ကြောင်း၊ စာပေအနုပညာဆိုသည်မှာ ပါရမီအခံရှိအောင် အချိန်အတိုင်းအတာတစ်ခုအထိ အကြိမ်ကြိမ် အထက်ထက် ဖြည့်စည်းလေ့ကျင့်ရကြောင်း၊ အဆက်မပြတ်အားထုတ်ကြိုးစားမှုရှိမှာသာ အောင်မြင်မှုရရှိနိုင်ကြောင်း ဆွေးနွေးပြီးနောက် (Youth Club) အဖွဲ့ဝင် စာပေဝါသနာရှင်းများကလည်း စာအုပ်ပါခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်းများကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)