ဟိုမိန်းမြို့ ခုံလုံကျေးရွာအုပ်စု ခုံလုံကျေးရွာ၌ တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲ ကျင်းပ

ဟိုမိန်း    ဒီဇင်ဘာ  ၁၁

၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ခုံလုံကျေးရွာအုပ်စု ခုံလုံကျေးရွာ၌ တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးကို ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ တစ်အိမ်သုံး ဆိုလာစနစ် (Solar Home System-SHS) ဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျာမနီဖွံ့ဖြိုးရေးဘဏ်(KFW) အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်ဘတ်ဂျက်၊ KFW အဖွဲ့ ထောက်ပံ့ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"မိမိတို့ ကျေးရွာအနေဖြင့် အိမ်ခြေ ၅၀၊ အိမ်ထောင်စု ၅၀ စုရှိပြီး ယခုလို တစ်ရွာလုံး လျှပ်စစ်မီးရရှိမည်ဟု ယခင်က အိပ်မက်ပင် မမက်ခဲ့ပါကြောင်း၊ ကျေးရွာသူရွာသားများအနေဖြင့် လက်လုပ်လက်စား လုပ်ကိုင်သူများပြားပြီး၊ တောင်ယာလုပ်ငန်းကိုသာ အဓိကအားထား လုပ်ရသည့်အတွက် ငွေကြေးအနေဖြင့် အခက်အခဲရှိပါကြောင်း၊ ယခုလိုနိုင်ငံတော်၏ ကူညီပံ့ပိုးမှုနှင့် ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာလျှပ်စစ်မီးရရှိရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း" ခုံလုံကျေးရွာနေ ပြည်သူ ဒေါ်နန်းမွမ်းစိန်က ဝမ်းသာစကား ပြောကြားခဲ့သည်။

အဆိုပါ ခုံလုံကျေးရွာ မီးဖွင့်ပွဲတွင် ဟိုမိန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခွန်တိုးအောင် ၏ဇနီး ဒေါ်နန်းပုံနှင့် ခုံလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကောတတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)