ခရမ်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး နေ့အခမ်းအနားကျင်းပ

ခရမ်း   မေ    ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကခရမ်းမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၊ မြို့မဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်မြအေးက ကျောင်းအပ်နှံရေးသီတင်းပတ်အကြောင်းနှင့် ကျောင်းများအလိုက် ပညာရေးနှင့်ပတ်သက်၍ ထောက်ပံ့ပေးအပ်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် ခဲတံ၊‌ ဘောလ်ပင်များကို  ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲ၊ မြို့နယ်ပညာရေးမှူး  ဒေါ်ခင်မြအေး၊ မြို့နယ်မိခင်နှင့်ကလေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်ထက်ထက်တို့က အတန်းများအလိုက်ပေးအပ်ခဲ့ကြပြီး ခရမ်းမြို့နယ်အသင်း ရန်ကုန်မှ ပေးအပ်လှူဒါန်းသည့် ကျောပိုးအိတ်များကို ခရမ်းမြို့နယ်အသင်း (ခရမ်း)ဥက္ကဋ္ဌ ဦးအေးကိုမှ အထက(၂) ကျောင်းအုပ်ဆရာမကြီ ဒေါ်နီနီဆွေ အားပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရမ်း (ပြန်/ဆက်)