စစ်တွေ မေ ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဓာတ်ဆုံးစေတီတော်အား ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း ကုသိုလ်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ရင်ပြင်၌ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးတို့က စေတီတော်မြတ်ကြီး လှိုင်ဂူတော်အတွင်းရှိ ဗုဒ္ဓဆင်းထုတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ဓာတ်ဆုံးစေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ကြသည်။
ထို့နောက် အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် စစ်တွေမြို့၊ ပညာလင်္ကာရကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တနာဂိန္ဒ မဟာထေမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ အခမ်းအနားအပြီးတွင် သံဃာတော်အရှင်သူမြတ်များသည် ဓာတ်ဆုံးစေတီတော်အား ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ထီးတော်တင်လှူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းလျောက်ထား တင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့် လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ အဆိုပါကျောင်းရှိ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ပြသနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)အခြေခံပညာ မူလအထက်တန်းကျောင်းသို့ သွားရောက်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့သွားရောက်ပြီး ဆေးရုံကြီးဝင်းအတွင်း ကလေးကစားကွင်းနှင့် လူနာများအပန်းဖြေအနား ယူနိုင်ရန် ပန်းခြံပြုလုပ်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ကလေးကစားကွင်းနှင့် ပန်းခြံပြုလုပ်ထားမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခြံနှင့် ကလေးကစားကွင်းသန့်ရှင်းသာယာလှပရေး၊ အမှိုက်များစနစ်တကျစွန့်ပစ် နိုင်ရေးစီစဉ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
စစ်တွေမြို့မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသာယာရေးဆောင်ရွက်ခြင်း၊ စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်းရေး ဆောင်ရွက်ခြင်းနှင့် ကျောင်းအနီးပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)