မြစ်သား ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေပေးဝေ ရေးလုပ်ငန်းနှင့် တံတား(Slab Culvert) တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစိးမှူး ဦးကိုကိုအောင် နှင့် ဝန်ထမ်းများမှ ယနေ့နံနက်(၉)နာရီက ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀− ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် မွမ်းမံရန်ပုံငွေဖြင့်ဆောင်ရွက်သော မြစ်သားမြို့နယ်၊ ကျောက်ဆောက် ကျေးရွာသုံးဆူကုန်ထုတ်လမ်းပေါ်တွင် Slab Culvert တံတား(၁၂ ပေ ၊ ၁၃ ပေ ၊ ၆ ပေ) တည်ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ မြသိန်းတန်ကျေးရွာ ကျေးလက်ရေပေးဝေရေးလုပ်ငန်း (၁၂ ပေ ၊ ၆ ပေ ၊ ၅ ပေ) ရေကန်တည်ဆောက်ခြင်းနှင့် (၅ ပေ ၊ ၅ ပေ ၊ ၇ ပေ)ရေစက်ရုံတည် ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်းကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ရေကန်၊ ရေစက်ရုံတည်ဆောက်ပြီးစီးပြီဖြစ်ရာ မြသိန်းတန်ကျေးရွာရှိ ကျေးလက်နေ ပြည်သူများ အိမ်ထောင်စု ၈၉ စုနှင့် လူဦးရေ ၃၉၄ ဦးတို့ကို သောက်သုံးရေလုံလောက်စွာရရှိနိုင်မည် ဖြစ်ပြီး သုံးဆူကုန်ထုတ်လမ်းပေါ်ရှိ တံတား(Slab Culvert)တည်ဆောက်ခြင်းလုပ်ငန်းသည် တောင်သူ (၅၀)ဦး၊ မြေဧက(၁၇၅)ဧကတို့အတွက် အသုံးပြုနိုင်ပြီး တောင်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သား)