မိုင်းခုတ် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်ပိုင်းက မိုင်းခုတ်မြို့နှင့် အမှတ် (၃)ရပ်ကွက်အား ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းကိုပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခုတ်မြို့ရှိ အမှတ်(၃၈၇)တပ်ရင်းမှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးဦးဆောင်၍ မိုင်းခုတ်မြို့ရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် (၁)၊ (၂)၊ (၃)မှ အုပ်ချုပ်ရေးမှူးများ ရပ်ကွက်သူ၊ ရပ်ကွက်သားများအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် စုပေါင်း၍ ပြုပြင်ဆောင်ရွက်ကြသည်။
ရည်ရွယ်ချက်မှာ မိုင်းခုတ်မြို့နေ ပြည်သူများမိုးရာသီကာလ တွင်သာမကဆယ့်နှစ်လ ရာသီကာလပတ်လုံး ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန် ရှေးရှူ၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ကျန်ရှိသည့် ကျေးရွာချင်းဆက်သွယ်ထားသည့် လမ်းများကိုလည်း အများပြည်သူတို့၏ စုပေါင်းအင်အားဖြင့် ပြုပြင်ထိန်းသိမ်းခြင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)