တာမွေ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအား “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင် ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းကို ဒေသအာဏာပိုင်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်၍ နှစ်စဉ်အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသင်နှစ်စ ယခုလိုအချိန်တိုင်း နိုင်ငံတစ်ဝှမ်း ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျင်းပခဲ့ကြပါကြာင်း၊ နိုင်ငံတော်မှ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတက်ရောက်သည့် ကလေးများအား ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းသုံးဖတ်စာအုပ်၊ ကျောင်းဝတ်စုံ (အခမဲ့) ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေး၊ နိုင်ငံသားတိုင်း အခြေခံပညာကို သင်ယူပြီးမြောက်နိုင်ရန် သင်ကြား၊ သင်ယူမှု လုပ်ငန်းများကို ပညာရေးဌာနမှ ဆောင်ရွက်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာလုံခြုံစွာ သင်ကြားနိုင်ရန် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကလည်း အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အထက်တန်း (၇)ကျောင်း၊ အလယ်တန်း (၄)ကျောင်း၊ မူလတန်း (၂၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ ပုဂ္ဂလိက (၉)ကျောင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ကပူးပေါင်း၍ သွေးလွန်းတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျောင်းနေအရွယ်ကလေး၊ လူငယ်တိုင်း အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေးအတွက် အဆင့်ဆင့်သော ကျောင်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုး တော်ဆောင်၊ ရပ်မိ၊ ရပ်ဖ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများ စုစည်းပူးပေါင်း၍ ကျောင်းအပ်နှံနှုန်း မြင့်မားတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် လိုအပ်သော သန့်ရှင်းရေးသုံးပစ္စည်းများအား တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)