နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်‌ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၆ တွင် စနစ်ကျလယ်ယာမြေ ၃၁၈ ဧက၌ ရေဆင်းပေါ်ဆန်း ၃ ဧက၊ အောင်နိုင်တိုး ၈၀ ဧက၊ ထိုင်းနှံကောက်  ၂၃၅ ဧက နွေစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် တောင်သူ ဦးသန်းထွန်း၏ နွေစပါး စိုက်ခင်းတွင် ပေါင်းလိုက်သမန်းနှိုးခြင်း၊ ပေါင်းသတ်ဆေးပတ်ဖြန်းနေခြင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက သစ်ဆိမ့်ပင်ကျေးရွာအုပ်စုရှိ  တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းအချက်များနှင့်အညီ ဆောင်ရွက်‌ရေးပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအား တိုးမြှင့်နိုင်ရေး၊ စနစ်ကျလယ်ယာမြေများအား စံပြစိုက်ကွင်းဖြစ်အောင် ဆောင်ရွက်ကြစေရေး  မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက သီးနှံများ အထွက်နှုန်းတိုးစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး စိုက်ပျိုးမှု အခြေအနေများအားလည်းကောင်း၊ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထိုက်က စနစ်ကျလယ်ယာမြေ ဆောင်ရွက် ထားရှိမှုနှင့် ဆည်ရေပေးဝေနေမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော တောင်သူများ၏တင်ပြချက်များအပေါ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ခရမ်းကိုင်းအုပ်စု၊ ညောင်ကုန်းကျေးရွာအနီးရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ချောင်းမငယ်ဆည်ရေသောက် မြောင်းမကြီး၏ တာဘောင်အား စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်‌ရေး၊ ဆည်ရေသောက်လယ်‌မြေများသို့ အမြန်ဆုံးပြန်လည်‌ ရေပေးဝေးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ရှားချောင်းအုပ်စု၊ စံဝါအောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ယာယီကျောင်းဆောင် ၅ ဆောင် ဆောက်လုပ်နေမှုနှင့် ကျောင်းသား/သူများ ကျောင်းအပ်နှံ‌နေမှုအခြေအနေအား ကြည့်ရှုစစ်ပြီး နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိ စာသင်တိုက်နှင့် ဘုရားကြီး ကျောင်းတိုက်များသို့ ‌သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်ကြီးများ အား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် ဖောင်တော်ချက်မစေတီတော်ကြီးသို့ရောက်ရှိပြီး စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရာတွင် ကျွမ်းကျင်ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ရေးတို့ကို မှားကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)