လှည်းကူး ဒီဇင်ဘာ ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း လူစည်ကားသောနေရာများဖြစ်သည့် လှည်းကူး မြို့မဈေးနှင့် လှည်းကူးတာဆုံ မီးပွိုင့်နေရာတို့တွင် ယမန်နေ့ နံနက်(၈)နာရီက ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်သူများအား ဘေးကင်းလုံခြုံစိတ်ချရသော ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးသေချာစွာ တပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ အရှိန်ပြင်းမောင်းနှင်ခြင်း မပြုရန်၊ သတ်မှတ်ဦးရေထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်း မပြုရန်၊ ဆိုင်ကယ် မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်စေရန် စသည့် စည်းကမ်းချက်များ ပါဝင်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ ဖတ်ရှုလေ့လာခြင်းဖြင့် ယာဉ်စည်းကမ်း၊လမ်း စည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီး ယာဉ်တိုက်မှုအန္တရာယ်များ ကင်းရှင်းလာစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)